ဒဂုံမြို့သစ်အရှေ့ပိုင်းက အိမ်ထောင်စု သုံးထောင်ကျော် ရေဘေးဒဏ်ကြုံနေ
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှာ နေထိုင်တဲ့ အိမ်ထောင်စု သုံးထောင်ကျော်ဟာ ရေဘေးဒဏ်ကြုံနေရပြီး အရေးပေါ် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-10-20 -
-
-
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှာနေထိုင်တဲ့ အိမ်ထောင်စု သုံးထောင်ကျော်ဟာ ရေဘေးဒဏ်ကြုံနေရပြီး အရေးပေါ် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက အောက်တိုဘာ ၂၀ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
လှည်းကူးမြို့နယ်က ပြန်ကျလာတဲ့ရေတွေဟာ ငမိုးရိပ်ချောင်းကနေတစ်ဆင့် ဒဂုံမြို့သစ် အရှေ့ပိုင်းရပ်ကွက်တွေကို လေးပေကျော်အထိ ရေဝင်ရောက်နေတာလို့ ဆိုပါတယ်။
ရေကြီးရေလျှံဖြစ်နေတဲ့ ရပ်ကွက် ဆယ်ခုနဲ့ ရွာ ငါးရွာအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ရေသန့်တွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
"ရပ်ကွက်အနေနဲ့ဆိုရင် ၁၂၆၊ ၁၅၅၊ ၁၃၂၊ ၁၅၆၊ ၁၂၃၊ ၁၂၄၊ ၁၃၇၊ ၁၃၈၊ ၁၁၈၊ ၁၁၉ ရပ်ကွက်တွေနဲ့ ကြူချောင်းရွာ၊ မလစ်၊ ကြာနီကန်၊ ဒေါ်ပြားနဲ့ အုတ်ဖိုရွာတွေမှာ ရေကြီးနေတာပါ။ ရေအနက်က လေးပေကျော် ရှိတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ လုံးဝနစ်နေသေးလို့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပါတယ်"
အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)ထဲက ရပ်ကွက်တွေကို ရေစတင်ဝင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်နေ့ကတော့ လေးပေကျော်အထိ ရေမြင့်တက်ခဲ့တာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ ရေခြောက်လက်မခန့် ပြန်ကျသွားတယ်လို့ သူက ပြောပါတယ်။
ရေဘေးသင့်နေသူတွေအတွက် ရေဘေးစင်တာတွေ ဖွင့်လှစ်ထားတာမရှိတာကြောင့် အန္တရာယ်ရှိနိုင်တဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့က ပြည်သူတွေကို ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ပေးထားရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးဌေးအောင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။