တနင်္သာရီကို မီတာယူနစ် ၁၅၀ ကင်းလွတ်ခွင့် မပေးလို့ အစိုးရ ဝေဖန်ခံနေရ
အစိုးရက ကပ်ရောဂါ ထိန်းချုပ်တဲ့ကာလအတွင်း ပြည်သူတွေကို ဧပြီလအတွက် ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ အခမဲ့ သုံးစွဲခွင့်ပြုပေးခဲ့ပေမယ့် တနင်္သာရီတိုင်းမှာတော့ အဲဒီအခွင့်အရေး မရကြပါဘူး။
-
ကျော်လွင်ဦး၊ နေမျိုးထွန်း
2020-05-12 -
-
-
အစိုးရက ကပ်ရောဂါ ထိန်းချုပ်တဲ့ကာလအတွင်း ပြည်သူတွေကို ဧပြီလအတွက် ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ အခမဲ့ သုံးစွဲခွင့်ပြုပေးခဲ့ပေမယ့် တနင်္သာရီတိုင်းမှာတော့ အဲဒီအခွင့်အရေး မရကြပါဘူး။
တနင်္သာရီတိုင်းနေ ပြည်သူတွေကို အစိုးရက ခွဲခြားဆက်ဆံတာလို့ ဝေဖန်နေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် စီးပွားရေးအကျပ်အတည်းနဲ့ အလုပ်လက်မဲ့ ပြဿနာကို ပြည်သူတွေ ရင်ဆိုင် နေရချိန်မှာ အစိုးရက ဧပြီလအတွက် မီတာယူနစ် ၁၅၀ ကို ကင်းလွတ်ခွင့် ပေးခဲ့တာပါ။ ဒီကင်းလွတ်ခွင့်ဟာ အစိုးရပေးတဲ့ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်သုံးစွဲခွင့်ရတဲ့ ပြည်သူတွေသာ အကျုံးဝင်တာပါ။ မဟာဓာတ် အားလိုင်းကနေ လျှပ်စစ်မီးမရတဲ့ တနင်္သာရီတိုင်းက ပြည်သူ တစ်သန်းကျော်ကတော့ ဒီကင်းလွတ်ခွင့် မရကြ ပါဘူး။
ဒါကြောင့် တနင်္သာရီတိုင်းမှာရှိတဲ့ ပြည်သူတွေကိုလည်း ယူနစ် ၁၅၀ အခမဲ့အသုံးပြုခွင့်ပေးဖို့ ဒေသအလိုက် ပေးဆောင်ရတဲ့ မီတာခနှုန်းထားအတိုင်း တွက်ချက်ပြီး ငွေကျပ် ၅.၈ ဘီလီယံ ထောက်ပံ့ပေးဖို့ တိုင်းအစိုးရက ပြည်ထောင်စုအစိုးရဆီ တောင်းခံခဲ့ပေမယ့် မထောက်ပံ့နိုင်တဲ့အကြောင်း ဗဟိုအစိုးရက အကြောင်းပြန်တယ်လို့ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗဟိုအစိုးရက ဘာကြောင့် မထောက်ပံ့နိုင်တာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။
ဒါဟာ တန်းတူညီမျှမှု မရဘဲ ခွဲခြားဆက်ဆံတာလို့ တနင်္သာရီတိုင်းအတွင်း နေထိုင်တဲ့ ပြည်သူတွေက ဝေဖန်လိုက်ပါတယ်။
“ဗဟိုအစိုးရက စိုက်ပေးတာ ဘာမှမရှိဘူး၊ ကျနော်တို့ဆီက ရတာချည်းပဲ၊ ယူနစ် ၁၅၀ မရလို့ ဘိတ်သား ဘာမှမဖြစ်သွားဘူး ဒါပေမဲ့ စိတ်ထဲမှာတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ တို့ရဲ့ တန်းတူအခွင့်အရေး ဘာမှမရဘူး။ တိုင်းရင်းသားအရေးတွေ ထည့်မတွေးနဲ့တော့ ကျန်တဲ့ ယဉ်ကျေးမှု၊ လူမျိုးရေး လုံးဝထည့် မတွေးနဲ့တော့။ သာမန်လျှပ်စစ်မီး ဓာတ်အားခလေးတောင် အစိုးရက လုံးဝလျစ်လျှူရှုမှုခံရတာ လုံးဝတန်းတူညီမျှမှုဆိုတဲ့ သဘောပဲ။ အစိုးရအနေနဲ့ ခေါင်းထဲမထည့်ဘူးဆိုတဲ့ သဘောပဲ”
မြိတ်ခရိုင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးလှမော် ပြောသွားတာပါ။ ပထမအကြိမ် ပယ်ချခံရတဲ့အတွက် တိုင်းအစိုးရက နောက်တစ်ကြိမ်ထပ်ပြီး တင်ပြထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဒေသပေါက်ဈေး မီတာခအတိုင်းမဟုတ်ဘဲ တခြား တိုင်းနဲ့ ပြည်နယ်တွေ ပေးဆောင်ရတဲ့ မီတာခနဲ့အညီ ကင်းလွတ်ခွင့်ပေးဖို့ တင်ပြထားတာလို့ တနင်္သာရီတိုင်း လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်သူရက ပြောပါတယ်။
“ပြည်ထောင်စုအစိုးရကို ထပ်တော့တင်ထားတယ်။ သူတို့ဆီက တိကျတဲ့ အကြောင်းကြားစာတော့ မရသေးဘူး။ ပထမတစ်ကြိမ်ကတော့ မပေးဘူးပေါ့။ ဒုတိယအကြိမ်ကတော့ တွက်ချက်ပြီး ထပ်တင် ထားတာပေါ့။ သူ့တို့ ပြည်ထောင်စုကပေးတဲ့ နှုန်းထားအတိုင်းပဲ ထပ်တင်ထားတာ”
လတ်တလောမှာတော့ တိုင်းအစိုးရက အစိုးရ အသိအမှတ်ပြု မီတာပုံးတွေကို တစ်လုံး ကျပ် ငါးထောင် ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီး မီတာ တစ်သိန်းလေးသောင်းကျော်အတွက် ကျပ်သိန်း ခုနှစ်ထောင် ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းဟာ တနင်္သာရီတိုင်းထဲက မြို့ပေါ်ရပ်ကွက်တွေကိုသာ သက်ရောက် မှာဖြစ်ပြီး တောရွာနေ ပြည်သူတွေကတော့ ခံစားရမှာ မဟုတ်ပါဘူး။
ပြည်ထောင်စုအစိုးရက မီတာယူနစ် ၁၅၀ ကင်းလွတ်ခွင့်ဟာ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ တပြေးညီ သက်ရောက်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။
“လျှပ်စစ်မီတာခတွေကို ယူနစ်တစ်ခုသတ်မှတ်ပြီး လျှော့ချပေးတာဟာ အောက်ခြေပြည်သူလူထုရဲ့ ဝန်ထုပ်ဝန်ပိုးကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို အစီအစဉ်မျိုးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ တပြေးညီဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်။ ချွင်းချက်အရပေါ့ တချို့ တိုင်းဒေသကြီးတွေမှာ လွှမ်းခြုံမှုမရှိဘူးဆိုရင်လည်း ပြည်ထောင်စု အစိုးရအနေနဲ့ အခြားနည်းလမ်းတစ်ခုကို စဉ်းစားပြီးတော့ တန်းတူညီတူ ခံစားခွင့်ရရှိနိုင်ဖို့ကို ဦးတည်ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်”
တနင်္သာရီတိုင်းဟာ နိုင်ငံတော်ကပေးတဲ့ လျှပ်စစ်ကို သုံးစွဲရတာမ ဟုတ်ဘဲ ထားဝယ်၊ မြိတ်၊ ကော့သောင်း စတဲ့မြို့တွေမှာ ပုဂ္ဂလိကကုမ္ပဏီတွေ ဝန်ဆောင်မှုပေးတဲ့ လျှပ်စစ်ဓာတ်အားကိုပဲ ဈေးကြီးကြီးပေးပြီး သုံးစွဲနေရတာပါ။ ထားဝယ်ခရိုင်မှာ ဓာတ်အားခ တစ်ယူနစ်ကို ကျပ် ၃၀၀ ဝန်းကျင်၊ မြိတ်နဲ့ ကော့သောင်း ခရိုင်တွေမှာ တစ်ယူနစ်ကို ကျပ်လေးရာကျော်ပေးပြီး သုံးစွဲနေရတာဖြစ်ပါတယ်။
လျှပ်စစ်မီတာခကို အခြား တိုင်းနဲ့ ပြည်နယ်တွေနဲ့ တန်းတူသတ်မှတ်ပေးရေး နိုင်ငံ့ခေါင်းဆောင်တွေဆီ တောင်းဆိုဖို့ ပြင်ဆင်နေတယ်လို့ ထားဝယ်မြို့ခံ ဦးသန်းဝင်းက ပြောပါတယ်။
“တနင်္သာရီ တစ်တိုင်းလုံးကို မီတာခ တန်းတူအခွင့်အရေးပေးဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကျွန်တော်တို့အတွက် အားကိုးမရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ များနေတဲ့ အတွက် တနင်္သာရီတိုင်းမှာရှိတဲ့ လျှပ်စစ်သုံးစွဲသူတွေ လက်မှတ်ကောက်မယ်ဗျာ။ ကောက်ပြီး ပြည်သူလူ ထုကိုယ်တိုင် နိုင်ငံတော် သမ္မတကိုလည်ကောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လည်ကောင်း သွားပြီးတော့ တင်ပြတောင်းဆိုဖို့ လုပ်ထားတယ်ဗျ”
အစိုးရက မေလအတွက် လျှပ်စစ်မီတာ ၇၅ ယူနစ် အခမဲ့သုံးစွဲခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း တနင်္သာရီတိုင်းမှာတော့ ဒီသက်သာခွင့်ရအောင် ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူးလို့ တိုင်းတာဝန်ရှိသူတွေက ပြောထားပါတယ်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က မဟာဓာတ်အားလိုင်း ရတဲ့နေရာတွေနည်းတူ ခံစားခွင့်မရပေမယ့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရအောင် တောင်းခံသွားမယ်လို့ မေ ၇ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။