ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်ကို ထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့
နွေအပူဒဏ်သက်သာစေဖို့ ထောင်ပြောင်းလိုက်တာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြီး ဘယ်ကိုပြောင်းရွှေ့လိုက်လဲဆိုတာကိုတော့ သူက မပြောပါဘူး။
- 2024-04-16
-
-
-
နေပြည်တော်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ သမ္မတဦးဝင်းမြင့်တို့ကို ထောင်ကနေ လုံခြုံရေးတင်းကြပ်ထားတဲ့ နေအိမ်တွေကို စစ်ကောင်စီအာဏာပိုင်တွေက ဧပြီလ ၁၆ ရက်နေ့က ပြောင်းရွှေ့လိုက်တယ်လို့ ပြည်တွင်းထုတ် Eleven သတင်းဌာနက အင်္ဂါနေ့ညမှာ ရေးသားဖော်ပြလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကို RFA က ဆက်သွယ်မေးမြန်းရာမှာ… အင်္ဂါနေ့ထောင်ပိတ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးကား လေးစီး၊ အထူးသီးသန့်ကား နှစ်စီးနဲ့ လာခေါ်ထုတ်သွားတာဖြစ်ပြီး ပစ္စည်းတွေ အကုန်ထားခဲ့ရကြောင်း၊ ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရသေးကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကတစ်ဆင့် သိရတယ်လို့ ဦးကျော်ထွေးက ပြောပါတယ်။
"ဒီလှုပ်ရှားမှုနောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေ၊ စစ်ရေးကစားကွက်တွေ စစ်ကောင်စီက ဆက်ကစားလာမယ်လို့ မျှော်လင့်ရပါတယ်။"
ဒီသတင်းထွက်ပေါ်အပြီး VOA သတင်းဌာနက စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ ထောင်ပြောင်းရွှေ့လိုက်တာ မှန်ကန်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြောဆိုပါတယ်။
နွေအပူဒဏ်သက်သာစေဖို့ ထောင်ပြောင်းလိုက်တာဖြစ်ပြီး၊ ဘယ်နေရာကို ပြောင်းရွှေ့လိုက်သလဲ ဆိုတာကိုတော့ သူက မပြောပါဘူး။
RFA က ဒီသတင်းကို အတည်ပြုနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ...."ရာသီဥတုပူလို့တော့ မဟုတ်ပါဘူး။ နိုင်ငံရေးအရ ပူနေလို့ အကျပ်အတည်းတွေ များလာလို့ ဖြတ်ထုံးတစ်ခုကို ဖြည်လိုက်တယ်လို့ပဲ မြင်ပါတယ်။ ဒီလှုပ်ရှားမှုနောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေ၊ စစ်ရေးကစားကွက်တွေ စစ်ကောင်စီက ဆက်ကစားလာမယ်လို့ မျှော်လင့်ရပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြောင်းလိုက်တာနဲ့ ပတ်သက်လို့ သူ့ရဲ့ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေကတော့ "သောကြာနေ့ကတော့ နေပြည်တော်ထောင်မှာ ထောင်ဝင်စာ သွားပို့ခဲ့တယ်။ ထောင်ပြောင်းမပြောင်းတော့ မသိရသေးဘူး။ အခုသင်္ကြန်ကာလ ရုံးပိတ်ရက်ဖြစ်နေတော့ တနင်္လာနေ့တိုင်းပို့နေကျ ထောင်ဝင်စာကို ဒီတစ်ခေါက် သောကြာနေ့မှာ သွားပို့ခဲ့တယ်" လို့ ပြောပါတယ်။
အလားတူပဲ သမ္မတဦးဝင်းမြင့် မိသားစုအနေနဲ့လည်း ထောင်ကနေ ပြောင်းရွှေ့တဲ့အကြောင်း RFA က ဆက်သွယ်မေးမြန်းတဲ့အချိန်အထိ တစ်စုံတရာ အကြောင်းကြားတာ၊ သတင်းရရှိတာ မရှိသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
NUG အစိုးရ ပြောခွင့်ရှိသူ ဦးကျော်ဇော်က ... "အစစအရာရာမှာ ဆုံးရှုံးနေတော့ သူတို့စစ်တပ်ကလည်း ပြိုကွဲနေပြီ၊ အဲခါကျတော့ ဒီဟာက အာရုံပြောင်းအောင်လုပ်တာ၊ အထူးသဖြင့် နိုင်ငံတကာအာရုံပြောင်းအောင်လုပ်တာ၊ တော်လှန်ရေးအင်အားစုတွေကြားမှာ တွေဝေသွားအောင် လုပ်တာလည်း ပါတာပေါ့နော်။ သူတို့ကြုံတွေနေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကနေ သူတို့ လှည့်ထွက်ဖို့အတွက် ကြိုးစားမှုတစ်ခုလို့လည်း သုံးသပ်မိပါတယ်"
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် နေပြည်တော်ကို လာရောက်ပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုတွေ့ဆုံခဲ့ပြီး အကျဉ်းထောင်ထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်ရခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိကိုတော့ တရုတ်သံရုံးက သတင်းထုတ်ပြန်တာ မရှိခဲ့သလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ...." စစ်ကောင်စီဟာ နိုင်ငံတကာဖိအားကို အရမ်းကြီး အာရုံမစိုက်ဘူး။ သူတို့က နိုင်ငံတကာဖိအားထက် တရုတ်ကိုပိုကြောက်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ တရုတ်အရာရှိကြီးတွေနဲ့ စစ်ကောင်စီ လာရောက်တွေ့ဆုံကြတဲ့အခါ နောက်ဆက်တွဲရလဒ်အနေနဲ့ အခုလို (ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြောင်းရွှေ့တာ) ဖြစ်လာတယ်လို့ ယူဆလို့ရပါတယ်" လို့ ပြောပါတယ်။
အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကနဦး ရုံးထုတ်ရက်တွေမှာ ရှေ့နေတွေနဲ့ တွေ့ခွင့်ပေးခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ရှေ့နေတွေနဲ့ တွေ့ခွင့်မရဘဲ အဆက်အသွယ်ဖြတ်တောက်ခံထားရတာ တစ်နှစ်ကျော်ကြာပါပြီ။
RFA သတင်းဌာနက "ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေသလဲ" အထူးသတင်းဆောင်းပါးကို ဧပြီလ ၁၂ ရက်နေ့က မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီသတင်းဆောင်းပါးမှာ သားဖြစ်သူ ကင်အဲရစ်က သူ့အမေဟာ လက်ရှိအချိန် မြန်မာနိုင်ငံမှာ အပူချိန်အရမ်းမြင့်တက်နေတဲ့အတွက် အမေအတွက် ကျန်းမာရေးအရ စိုးရိမ်စရာရှိတယ်လို့ ပြောကြားထားပါတယ်။ ဒီအထူးဆောင်းပါးထုတ်ဝေအပြီး လေးရက်အကြာမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ ပြောင်းရွှေ့တဲ့သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။