ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး

သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့မှာ ဒီကနေ့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေအရေးနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သြစတြေးလျကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull တို့ ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက်နေ့က တွေ့ဆုံကြစဉ် Photo: Ministry of Foreign Affairs Myanmar

သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့မှာ ဒီကနေ့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေအရေးနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ သြစတြေးလျအစိုးရက ရခိုင်ပြည်နယ်က ပြဿနာတွေနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက် မယ့်အကြောင်း ပြောဆိုတယ်လို့ ဆစ်ဒနီမြို့က မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull တို့ တွေ့ဆုံဆွေးနွေးကြတဲ့ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းပြတယ်၊ ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ရှင်းပြတယ်၊ ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ လိုအပ်တဲ့ အကူအညီတွေကို သြစတြေးလျနိုင်ငံအနေနဲ့ ဆက်လက်ပြီး ကူညီပေးဖို့ဆိုပြီး တောင်းဆိုသွားတာကို ကျနော်တို့ ကြားရတယ်လေ၊ သြစတြေးလျကလည်း ဒီအပေါ်မှာတော့ သူတို့အတတ်နိုင်ဆုံး ကူညီပံ့ပိုးသွားမယ်ဆိုတဲ့ကိစ္စ ကြားရပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကကျင်းပတဲ့ အာဆီယံထိပ်သီအစည်းအဝေးမှာလည်း ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်ပြဿနာကို အကျယ်တဝင့်ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာတွေရဲ့ ကိုယ်စား ရှေ့နေတစ်ဦးဖြစ်တဲ့ Deniel Taylor ဒယ်နီရယ် တေလာ ဆိုသူက ပြီးခဲ့တဲ့သောကြာနေ့က မဲလ်ဘုန်းမြို့ ရာဇဝတ်တရားသူကြီးရုံးမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ ထွက်ပြေးခဲ့ရတာနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတာဝန်ရှိသူအဖြစ် အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

အဲဒီ ရိုဟင်ဂျာတွေရဲ့ ကိုယ်စားလှယ်ရှေ့နေတချို့က တရားစွဲဆိုခဲ့တာကို သြစတြေးလျ နိုင်ငံတော် ရှေ့နေချုပ် Christian Porter ခရစ်ရှန်း ပေါ်တာက စနေနေ့ ပယ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မတ်လ ၂၀ ရက်မှာ ဆစ်ဒနီမြို့ Lowy Institute မှာကျင်းပမယ့် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို တက်ရောက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် တွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့မှာ သြစတြေးလျရောက် မြန်မာနိုင်ငံသား ၆၀၀ ကျော်နဲ့တွေ့ဆုံခဲ့ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org