တောင်ကိုရီးယားလွှတ်တော်အမတ်တွေကို CRPH ဂုဏ်ပြုစာ ပေးပို့

CRPH က ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်အမတ်တွေနဲ့ ပါတီခေါင်းဆောင်တွေကို ဂုဏ်ပြုကြောင်း စာပေးပို့ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော်ကို တက်ရောက်လာသည့် လွှတ်တော်အမတ်များအား တွေ့ရစဉ်။ EON HEON-KYUN / POOL / AFP

တောင်ကိုရီးယားသမ္မတယွန်းဆွတ်ယိုရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်ကို လွှတ်တော်က နာရီအနည်းငယ် အတွင်း ပယ်ချနိုင်ခဲ့ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့နိုင်ငံရေးစနစ်ခိုင်မာအောင် ထိန်းသိမ်းနိုင်ခဲ့တာဟာ သမိုင်းဝင်ဖြစ်ရပ်ပဲလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်အမတ်တွေနဲ့ ပါတီခေါင်းဆောင်တွေကို ဂုဏ်ပြုကြောင်း စာပေးပို့ခဲ့ပါတယ်။

လွှတ်တော်အမတ်တွေရဲ့လျင်မြန်မှုနဲ့ စည်းလုံးမှုကြောင့် အခုလိုဆောင်ရွက်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သင်ခန်းစာကောင်းတစ်ခု ဖြစ်တယ်လို့လည်း CRPH က ပြောပါတယ်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် လက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ပြုစာကို ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးကနေ တစ်ဆင့် ကိုရီးယားလွှတ်တော်ကို ပေးပို့လိုက်ထားတယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့က တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယို (Yoon Suk Yeol) က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး နှစ်နာရီကျော်အကြာမှာပဲ အဲဒီအရေးပေါ်ကြေညာချက်နဲ့ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာပါ။

တောင်ကိုရီးယားမှာ ၁၉၈၀ လွန်ကာလ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ အခုဖြစ်ရပ်က ပထမဆုံးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org