ကလေးစစ်သား စုဆောင်းသူ တပ်မတော်သား ၄၇ဦးကို အရေးယူထားလို့ ထုတ်ပြန်

ကလေးစစ်သား ၆၇ ဦးကို ပြန်လည်နုတ်ထွက်ခွင့်ပြုပြီး မိဘတွေဆီကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့စဉ်
ကလေးစစ်သား ၆၇ ဦးကို ပြန်လည်နုတ်ထွက်ခွင့်ပြုပြီး မိဘတွေဆီကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့စဉ် (ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး )

အသက် ၁၈ နှစ် မပြည့်သေးသူတွေကို စစ်သားအဖြစ် စုဆောင်းခဲ့တဲ့အတွက် ဒီနေ့အထိ အရေးယူထားတဲ့ အရာရှိ ၁၈ ဦးနဲ့ အခြားအဆင့် ၂၉ ဦး၊ စုစုပေါင်း ၄၇ ဦးကို စစ်စည်းကမ်းအရ အရေးယူထားတယ်လို့ မနေ့က ကြေးမုံ သတင်းစာမှာ နိုင်ငံတော်အစိုးရက ထုတ်ပြန်တဲ့ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာ ဆောင်းပါးမှာ ဖေါ်ပြထား ပါတယ်။

အဲဒီလို စုဆောင်းခဲ့တဲ့ အရာရှိတွေနဲ့ အခြားအဆင့်တွေကို စစ်စည်းကမ်းအရ ဘယ်လိုပုံစံ အရေးယူဆောင်ရွက် ထားတယ်ဆိုတာကို ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

တပ်မတော်အတွင်း ဝင်ရောက်လာသူတွေထဲမှာ အသက် ၁၈ နှစ် မပြည့်သေးသူတွေ မပါရှိစေဖို့ အရိုးဓါတ်မှန် ရိုက်တာနဲ့ အသက်အရွယ်ပိုင်းခြားတဲ့ စနစ်ကို အသုံးပြုစစ်ဆေးတာတွေရှိတယ်လို့လည်း ဆောင်းပါး မှာ ဖော်ပြထားပါတယ်။

အသက် ၁၈ နှစ်မပြည့်ပဲ တပ်မတော်ထဲ ဝင်ရောက်ခဲ့တဲ့ စစ်သား ၆၇ ဦးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က မိဘ၊ အုပ်ထိန်းသူတွေထံ ပြန်လည်အပ်နှံပေးခဲ့ပြီး စုစုပေါင်း ၈၇၇ ဦးကို မိဘတွေထံ ပြန်လည်အပ်နှံပေး ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

အရွယ်မရောက်သေးသူ ကလေးသူငယ်တွေ စစ်မှုထမ်းရခြင်းကနေ လွတ်ကင်းဖို့အတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာ တင်ပြရေးလုပ်ငန်းအဖွဲ့ (United Nations Country Task Force on Monitoring and Reporting - UNCTFMR) တို့အကြား သဘောတူညီမှုစာချုပ်နဲ့ အကောင်အထည်ဖေါ်နေတာဖြစ်ပါတယ်။