ခြိမ်းခြောက်ခံရတဲ့ ဆေးရုံဝန်ထမ်းတွေ အိမ်ရာထဲကထွက်ခွာ
ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာက အာဏာဖီဆန်ရေးလှုပ်ရှား မှု(CDM)မှာပါဝင်တဲ့ ဆေးရုံ ဝန်ထမ်းတွေကို ဒီနေ့မနက်ကစပြီး အလုပ်ပြန်ဆင်းဖို့ စစ်တပ်နဲ့ရဲက မနေ့က လာရောက်ခြိမ်းခြောက် ပြောဆို သွားတဲ့အတွက် ဝန်ထမ်း အများအပြားဟာ အိမ်ယာတွေ ထဲကနေ ထွက်ခွာနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်း တစ်ဦးက RFA ကို ပြောပါတယ်။
- 2021-05-23
-
-
-
ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာက အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာပါဝင်တဲ့ ဆေးရုံ ဝန်ထမ်းတွေကို ဒီနေ့မနက်ကစပြီး အလုပ်ပြန်ဆင်းဖို့ စစ်တပ်နဲ့ရဲက မနေ့က လာရောက်ခြိမ်းခြောက် ပြောဆို သွားတဲ့အတွက် ဝန်ထမ်းအများအပြားဟာ အိမ်ယာတွေထဲကနေ ထွက်ခွာနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
လက်နက်တွေအပြည့် ကိုင်ဆောင်ထားတဲ့ စစ်တပ်နဲ့ ရဲအယောက် ၄၀ ခန့်က ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းတွေ နေထိုင်တဲ့ ဝင်းနှစ်ခုထဲက ဝန်ထမ်းအနည်းစုနေထိုင်တဲ့ဝင်းထဲကို မနေ့ည ၉ နာရီကျော် လောက်က စတင်ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်နဲ့ ရဲတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းအယောက် ၃၀ လောက်ကို အပြင်ကိုထွက်ခိုင်းပြီး တော့ ဒီနေ့ မေလ ၂၄ ရက်နေ့ အလုပ်ပြန်ဆင်းတာကို မြင်ချင်ကြောင်းနဲ့ အလုပ်မဆင်းသူတွေအတွက် အချုပ်ကားကိုပါ အဆင်သင့်ရပ်ထားမှာဖြစ်ကြောင်း စသဖြင့် ခြိမ်းခြောက်ပြောဆိုပြီး မျက်နှာတွေကို ဓာတ်ပုံရိုက်၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနောက် စစ်တပ်နဲ့ ရဲတွေဟာ ဝန်ထမ်းအများစုနေထိုင်တဲ့ ဒုတိယဝင်းထဲကို ဆက်လက်ရောက်ရှိ လာပြီးတော့ အမျိုးသားဝန်ထမ်းနဲ့ အမျိုးသမီးဝန်ထမ်း နှစ်ဦးကို ခေါ်ယူပြီး ဒီနေ့မေလ ၂၄ ရက်နေ့မှာ အားလုံးအလုပ်ပြန်ဆင်းကြဖို့ကို အလားတူခြိမ်းခြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဝန်ထမ်းတွေကတော့ အလုပ်ပြန်မဆင်းလိုကြတဲ့အတွက် မနေ့ညကပင် တိမ်းရှောင်သွားကြသူတွေရှိသလို ဒီနေ့မနက်မှာလည်း အရေးကြီး စာရွက်စာတမ်းတွေကို ယူဆောင်ပြီး ဝန်ထမ်းအိမ်ရာတွေထဲကနေ ထွက်ခွာနေကြတယ်လို့ အမည်မဖော်လိုတဲ့ အဲဒီဝန်ထမ်းက ပြောပါတယ်။
အိမ်ရာထဲကနေ ထွက်ခွာနေကြတဲ့ ဝန်ထမ်းအရေအတွက် အသေးစိတ်ကိုတော့ လောလောဆယ် မသိရသေးပါဘူး။
ဗဟိုအမျိုးသမီးဆေးရုံမှာ ဝန်ထမ်းပေါင်း ၆၀၀ ကျော်ရှိပြီး အဲဒီအထဲက ဝန်ထမ်းပေါင်း ၅၀၀ ကျော်ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတာလို့လည်း ဆိုပါတယ်။