ဘူးသီးတောင်နဲ့ မောင်တောမှာ မိုင်းနင်းမိလို့ အရပ်သားနှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား လေးလကျော်ကြာတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၄၅ ဦး သေဆုံးပြီး ၁၀၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တစ်နေရာကို တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ ဒီဇင်ဘာ ၂ ရက် နဲ့ ၃ ရက်က မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သားနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ဂူတာပြင်အုပ်စု တောင်ရွာ (မွတ်စလင်) ရွာက အသက် ၃၅ နှစ်အရွယ် ဦးအာဗန်ကိုနီနဲ့ မောင်တောမြို့နယ် ဝက်ကျိန်းရွာသစ်က အသက် ၁၈ နှစ်အရွယ် ကိုကိန်းပေါ်တို့ ဒဏ်ရာပြင်းထန်ရသွားခဲ့တာပါ။

ဦးအာဗန်ကိုနီဟာ ရွာအနောက်ဘက် ဘောလုံးကွင်းအနီးက တောင်တန်းမှာ နွားရှာသွားရင်း မြေမြှုပ်မိုင်းနင်းမိတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူက နွားရှာသွားတာ။ အဲဒီမှာ မိုင်းတစ်လုံးနင်းလို့ ဒဏ်ရာရသွားတာပေါ့။ ခြေထောက်နှစ်ဖက်လုံးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်။ အခုတော့ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသနေပါတယ်”

မောင်တောမြို့နယ် ဝက်ကျိန်းရွာက ကိုကိန်းပေါ်လည်း ဒီဇင်ဘာ ၃ ရက်က တောင်ပေါ်မှာ သစ်ခုတ်သွားရင်း မြေမြှုပ်မိုင်းနင်းမိလို့ ဘယ်ခြေထောက်တစ်ဖက် ပြတ်သွားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲနေပေမယ့် မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်က ဆက်ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား လေးလကျော်ကြာတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၄၅ ဦး သေဆုံးပြီး ၁၀၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။  

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org