မြန်မာ့အရေး ခရီးရှည် စက်ဘီးစီးသူ ပန်းတိုင်ရောက်ပြီ

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး နိုင်ငံတကာက ပိုမိုသိရှိလာစေဖို့ ရည်ရွယ်ပြီး ဥရောပ နိုင်ငံတွေကို ဖြတ်ကျော်ကာ တကိုယ်တော် စက်ဘီးစီးတဲ့ အမျိုးသမီးဟာ ပန်းတိုင် အဖြစ် သတ်မှတ်ထားတဲ့ ချက်သမ္မတနိုင်ငံ Prague မြို့ကို မနေ့က ဝင်ရောက်သွားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု အဖြစ် ကီလိုမီတာ (၂) ထောင် စက်ဘီးစီးခဲ့သူ Miss Jag Dojkovski ကို ချက်နိုင်ငံ Prague မြို့တွင် ပန်းဝင်အပြီး တွေ့ရပုံ။ ဓါတ်ပုံ -Burma Campaign UK Burma Campaign UK

Ms. Jag Dojkovski က ချက်သမ္မတနိုင်ငံ Prague မြို့ရောက်တဲ့ အခါမှာ သူ့ကို မြန်မာ့ ဒီမိုကရေစီအရေး ထောက်ခံအားပေးသူတွေက ကြိုဆို အားပေးကြတယ်လို့ သိရပါတယ်။

သူရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ လွှတ်ပေးခဲ့တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ Miss Jag Dojkovski က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီလို နိုင်ငံရေးအကျဉ်းသား အနည်းငယ် လွှတ်ပေးတာကိုလည်း ကြိုဆိုရမှာ ဖြစ်ပေမဲ့ ဒါဟာ လုံလောက်တဲ့ အနေအထား မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသား ၂ ထောင် လောက်ရှိနေတာကို ၂၀၀ ပဲလွှတ်ပေးတာ ၁၀ ရာခိုင်နှူန်းပဲ ရှိပါတယ်။ ရာနှူန်းပြည့် လွှတ်ပေးမှာသာ အကောင်းဆုံး ဖြစ်မှာပါ။ အဲဒီအတွက် ကျမအနေနဲ့လည်း ၁၀ ရာခိုင်နှူန်းပဲ ပျော်ပါတယ်။ အားလုံး လွှတ်မြောက်ရေးဟာ အရေးကြီးတဲ့ အတွက် ကျမတို့ အနေနဲ့ ဆက်ပြီးလှုပ်ရှား ရဦးမှာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

Miss Jag Dojkovski ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၂) ရက်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့က စတင်ပြီး ပြင်သစ်၊ ဂျာမဏီ၊ ဘယ်လဂျီယန်၊ နယ်သာလန် စတဲ့နိုင်ငံတွေကို ဖြတ်ပြီး ချက်နိုင်ငံ Prague မြို့ကအထိ တကိုယ်တော် စက်ဘီးစီးခဲ့ပါတယ်။

သူရဲ့ ခရီးစဉ်ဟာ ကီလိုမီတာ (၂) ထောင်ရှိတဲ့ အတွက် ဒါဟာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား (၂) ထောင်လွတ်မြောက်ရေး အဓိပ္ပါယ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ခရီးစဉ် တလျှောက်မှာ မြန်မာနိုင်ငံ အရေး ပိုမို သိရှိအောင် ရေးသားထားတဲ့ တီရှပ်အင်္ကျီကို ဝတ်ဆင်ပြီး ဥရောပမြို့ကြီးတွေကနေ ဖြတ်သန်းသွားတဲ့ အတွက် အားလုံးရဲ့ သတိထား အာရုံ စူးစိုက်မှုကို ရရှိခဲ့တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org