ဒုက္ခသည်တွေ ပြန်လည်လက်ခံစိစစ်ရေး ယာယီစခန်းတွေဖွင့်ဖို့ လျာထား
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီးထားဖို့ အတွက် တောင်ပြိုလက်ဝဲနဲ့ ငခူရတို့မှာ ယာယီစခန်းတွေဖွင့်လှစ်ဖို့ လျာထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။
-
2017-10-08 -
-
-
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီးထားဖို့ အတွက် တောင်ပြိုလက်ဝဲနဲ့ ငခူရတို့မှာ ယာယီစခန်းတွေ ဖွင့်လှစ်ဖို့ လျာထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။
ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းနဲ့ ပြန်လာမယ့်သူတွေအတွက် ယာယီစခန်းတွေဖွင့်ပြီးထားဖို့ လတ်တလော လျာထားတာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝင် ဦးမြင့်ကြိုင်က ပြောပါတယ်။
"အကြမ်းဖျင်း လျာထားတာဗျ။ ကျနော်တို့ အတည်တော့ မပြုသေးဘူး။ ဒါတွေက ကျနော်တို့ ဟိုဘက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးဖို့ နောက်တစ်ခါ အစိုးရအနေနဲ့ အတည်ပြုဖို့ လိုသေးတယ်။ တောင်ပြိုလက်ဝဲ မှာ အဲဒီဘက်ကနေ ကုန်းကြောင်းလာတဲ့သူတွေကို လက်ခံပြီးတော့ ရေကြောင်းလာတဲ့သူတွေကို ငခူရ မှာ လက်ခံဖို့ လျာထားပါတယ်"
ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လာတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီးရင် အဲဒီယာယီစခန်းတွေမှာထားပြီးမှ မူလနေထိုင်ရာဒေသတွေကို ပြန်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ လူဦးရေ ၇ သိန်းလောက်ရှိတယ်လို့ နိုင်ငံတကာ မီဒီယာ အချို့က ရေးသားကြပါတယ်။
အဲဒီအရေအတွက်ဟာ ဖောင်းပွနေကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေသူတွေထဲက မြန်မာနိုင်ငံ မှာ နေထိုင်သူဖြစ်ကြောင်း အထောက်အထားပြနိုင်တဲ့သူတွေကိုသာ ပြန်လက်ခံမှာဖြစ်ကြောင်း ဦးမြင့်ကြိုင်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံသား စိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ် NVC card မိတ္တူ ဒါမှမဟုတ် ယာယီ သက်သေခံကတ် White Card ကို ပြန်အပ်ထားတဲ့ ပြေစာ မိတ္တူကို တင်ပြရမယ်လို့ သိရပါတယ်။