မြန်မာနဲ့ ပူးပေါင်းပြီး ရေနံတူးဖော်ရေး ဘင်္ဂလားဒေ့ရှ် ဆန္ဒပြင်းပြ

ဘင်္ဂလားဒေ့ရှ နိုင်ငံဟာ မြန်မာနဲ့ ပူးပေါင်းပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ဖို့ ဆန္ဒပြင်းပြနေ သလို မြန်မာ့ သဘာဝဓာတ်ငွေ့ကို လည်း ဝယ်ယူဖို့ စိတ်အား ထက်သန်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖာရပ်ခန်း (Faruk Khan) က ပြောဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာ စွမ်းအင်ဝန်ကြီးနဲ့ သူ တွေ့ဆုံစဉ်မှာလည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ စွမ်းအင်ဝန်ကြီးကလည်း ဒီကိစ္စကို စဉ်းစားပေးမယ်လို့ ပြောဆိုလိုက်ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ ဒီဇင်ဘာလ ၅ ရက်ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင်မှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖာရပ်ခန်းက ရှေ့ပြေးခရီးအနေနဲ့ မြန်မာနိုင်ငံကို လာခဲ့တာပါ။

သူဟာ မြန်မာနိုင်ငံမှာ သုံးရက်ကြာ နေထိုင်မှာဖြစ်ပြီး နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေ ဆွေးနွေး ညှိနှိုင်းမှာ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးမှုတွေမှာ ဘဏ်ကိစ္စ၊ စွမ်းအင်ကိစ္စ၊ ကမ်းရိုးတန်းသွား သင်္ဘောတွေကိစ္စ၊ နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ကိစ္စ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စနဲ့ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေ ပါဝင်ပါတယ်။

ဒီအတောအတွင်းမှာပဲ နှစ်နိုင်ငံ ပူးပေါင်းပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းစဉ် (၇) ရပ်ပါ သဘောတူညီချက် တရပ်ကို အခုရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်- မြန်မာ လက်မှတ် ရေးထိုးလိုက်ကြတယ်လို့ သတင်း ရရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ နှစ်နိုင်ငံ အရာရှိတွေက ဒီကိစ္စကို သဘောတူ လက်မှတ်ရေးထိုးကြတာပါ။

ဒီစာချုပ်အရ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်မှာ ဘိန်း စိုက်ပျိုးထုတ်လုပ်မှု၊ ယာဘ ခေါ် စိတ်ကြွဆေးပြား ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကို နှစ်နိုင်ငံ ပူးတွဲစောင့်ကြည့်ပြီး အရေးယူသွားမှာ ဖြစ်သလို သတင်း အချက်အလက်တွေလည်း အပြန်အလှန် ဖလှယ်သွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org