နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံ အမြန်ဆုံးပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်ဦးစားပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို လုံလုံခြုံခြုံနဲ့ မြန်မြန်ဆန်ဆန် ပြန်ပို့ဆောင်ရေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဦးစားပေးအစီအစဉ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်က ပြောကြားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြသည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့က တွေ့ရစဉ်။ AFP

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို လုံလုံခြုံခြုံနဲ့ မြန်မြန်ဆန်ဆန် ပြန်ပို့ဆောင်ရေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဦးစားပေးအစီအစဉ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်က ပြောကြားပါတယ်။

ရေကြောင်း ဒါမှမဟုတ် လေကြောင်းက ပြန်ပို့ဖို့က ပထမဦးစားပေးမဟုတ်ဘဲ အမြန်ဆောင်ရွက်နိုင်အောင် လေကြောင်းက ပို့ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်က အဆိုပြုထားတယ်လို့လည်း အပတ်စဉ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားတဲ့အကြောင်း BSS သတင်းက ဖော်ပြပါတယ်။

ဒီလူတွေအားလုံးကို တတ်နိုင်သမျှ အမြန်ဆုံးပို့ဆောင်လိုပြီး နှောင့်နှေးကြန့်ကြာစရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဒက္ကားမှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးနဲ့ရော၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ပါ ပုံမှန်ဆက်သွယ်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် နေပြည်တော်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ သတင်းတွေမှာတော့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အကြောင်း မပါဝင်ဘဲ စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်တို့ ဖေဖော်ဝါရီ ၇ ရက်က တွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပိုမိုနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးတယ်လို့သာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org