ထန်းတပင်မှာ လက်နက်ကြီးကြောင့် အရပ်သား သုံးဦးသေဆုံး

ဇရပ်ကြီးမြို့အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အတွင်း ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ သုံးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်မွန်းခြုံ၊ ရှမ်းစု၊ မွန်စု အပါအဝင် ကျေးရွာတချို့မှာလည်း လက်နက်ကြီးကျရောက်ပြီး ဒေသခံတွေဒဏ်ရာရတာတွေရှိသလို နေအိမ်တွေ ပျက်စီးမှုတွေရှိတယ်လို့လည်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရပ်သားတွေသေတယ်လို့ကြားရတယ်၊ ဘယ်ဘက်ကပစ်တယ်ဆိုတာ မသိဘူး၊ သုံးယောက်သေတယ်လို့ပြောတယ်၊ ကင်မွန်းခြုံရှမ်းစုက ဇရပ်ကြီးမြို့ဘက်မှာ လက်နက်ကြီးတွေကျတယ်၊ နှစ်ဘက်ထိတွေ့မှုဖြစ်တယ်လို့ ပြောတယ် ”

ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အနီး ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေပြီး အရပ်သား ၅၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဇရပ်ကြီးမြို့ပေါ်မှာ ဖေဖော်ဝါရီလဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါးထွက်ပြေးနေပြီး အိမ်စောင့်နေတဲ့ သူတချို့သာ ကျန်ခဲ့နေတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org