လက်နက်ကြီးကြောင့် ညောင်လေးပင်မှာ ဒေသခံခုနစ်ဦး သေ၊ နှစ်ဆယ်ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်၊ ဖြူးနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဇန်နဝါရီလ ၁ ရက်ကနေ ၅ ရက်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးပြီး နှစ်ဆယ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။ KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်၊ ဖြူးနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဇန်နဝါရီလ ၁ ရက်ကနေ ၅ ရက်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးပြီး နှစ်ဆယ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထုတ်ပြန်ချက်တွေအရ ဇန်နဝါရီလ ၅ ရက်က ရွှေကျင်မြို့နယ်၊ ရေဖြူကန်ရွာက အသုဘအခမ်းအနားလုပ်နေတဲ့ အိမ်ကို လက်နက်ကြီးကျည်ကျလို့ ကလေးတစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး ကလေးနှစ်ဦး အပါအဝင် ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဖြူးမြို့နယ် သစ်ချဆိပ်ရွာကိုလည်း ဇန်နဝါရီလ ၄ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦးနဲ့ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။

အလားတူ ကျောက်ကြီးမြို့နယ်မှာ ဇန်နဝါရီလ ၂ ရက်ကနေ ၄ ရက်နေ့အတွင်း အနန်းဘော်ကျေးရွာနဲ့ တောင်ခင်ကျေးရွာတွေထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလက်နက်ကြီးတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာလို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ကြောင့် အရပ်သား ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org