ဖျာပုံ PDF တပ်ဖွဲ့ဝင် ၁၉ ဦး ဖမ်းဆီးခံရ
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေက ဒီကနေ့ စက်တင်ဘာ ၄ ရက်မှာ ရေးသားဖော်ပြပါတယ်။
- 2022-09-04
-
-
-
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီး ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေက ဒီကနေ့ စက်တင်ဘာ ၄ ရက်မှာ ရေးသားဖော်ပြပါတယ်။
Black Dragon Force Pyapon (BDFP) အဖွဲ့ဝင်တွေဖြစ်တဲ့ ကောင်းစည်သူ၊ အေးမင်းသူနဲ့ မသိမ့်တြာလှိုင် တို့သုံးဦးကို သြဂုတ်လ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက စတင်ဖမ်းဆီးခဲ့တာပါ။ သြဂုတ်လ ၃၁ ရက်မှာ နှစ်ဦး၊ စက်တင်ဘာ ၁ ရက်မှာ BDFP တပ်ဖွဲ့ဝင် ၁၄ ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အဲဒီထဲက တစ်ဦးဖြစ်တဲ့ သူရဖြိုးမှာ အဖမ်းမခံဘဲ ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတာကြောင့် ယာဘက်ပေါင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ BDFP အဖွဲ့ဝင်တွေနဲ့အတူ ပစ္စတိုလေးလက်နဲ့ ကျည်မျိုးစုံ ၁၉၈ တောင့်အပါအဝင် ဖောက်ခွဲရေးပစ္စည်းအချို့ သိမ်းဆည်းရမိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ BDFP က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်အာဏာသိမ်းမှု တစ်နှစ်နဲ့ ခြောက်လပြည့်တဲ့ သြဂုတ်လ ၁ ရက်မိန့်ခွန်းမှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ၁၈ လအတွင်း အာဏာ သိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တဲ့ ပြည်သူ ၆၂၃၆ ဦးကို ဖမ်းဆီးထားတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။