အခက်အခဲတွေကြား ရပ်တည်နေရတဲ့ မြန်မာ့ရိုးရာ ရွှေချည်ထိုးလုပ်ငန်း

ရှေးမြန်မာ မင်းအဆက်ဆက် ထင်ရှားခဲ့တဲ့ မြန်မာ့ရိုးရာ လက်မှုပညာရပ်တွေထဲက ရွှေချည်ထိုးလုပ်ငန်းဟာ ပြောင်းလဲလာတဲ့ ခေတ်အနေအထားနဲ့ အခက်အခဲတွေကြောင့် တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရိုးရာနွယ် မြန်မာ့ရိုးရာ ရွှေချည်ထိုးလုပ်ငန်း တည်ထောင်လုပ်ကိုင်သူ ကိုရဲလင်းအောင်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။

ရှေးမြန်မာ မင်းအဆက်ဆက် ထင်ရှားခဲ့တဲ့ မြန်မာ့ရိုးရာ လက်မှုပညာရပ်တွေထဲက ရွှေချည်ထိုးလုပ်ငန်းဟာ ပြောင်းလဲလာတဲ့ ခေတ်အနေအထားနဲ့ အခက်အခဲတွေကြောင့် တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာတော့ အသက် ၃၈ နှစ်အရွယ် ကိုရဲလင်းအောင်ဦးစီးပြီး တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ ရိုးရာနွယ် မြန်မာ့ရိုးရာ ရွှေချည်ထိုးလုပ်ငန်း ရှိပါတယ်။

“ဆက်လုပ်ဖြစ်တာက အဓိကတွန်းအားက ကျွန်တော်တို့ ဒီနတ်ကိုးကွယ်ယုံကြည်မှု၊ ပူဇော်ပသမှုတွေကလည်း ဒီဘက်ခေတ်မှာပြန်ပြီးတော့ ထွန်းကားလာတယ်ပေါ့နော်။ အဲဒီအခါကျတော့ ကျွန်တော်တို့ ဓာတ်နဲ့ပတ်သက်တာ၊ နတ်ကိုးကွယ်မှုနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ တော်တော်များများလုပ်ရသလို နောက်ကျွန်တော်တို့ စတူဒီယိုပေါ့။ မြန်မာမှု စတူဒီယိုတွေမှာ Pre-wedding (မင်္ဂလာပွဲအကြို) တွေ ရိုက်ကြတယ်ပေါ့နော်။ အဲဒီအခါမျိုးတွေမှာ ဒီက မြန်မာမှု ရွှေချည်ထိုး အုံးလေးတွေက တော်တော်လေး ပြန်လုပ်ရတယ်ပေါ့။ ဒီအုံးလေးတွေ လက်တင်အုံးလေးတွေ။ အဲဒီဈေးကွက်က လက်ရှိ ကျွန်တော်တို့ရနေတဲ့ဈေးကွက်ပေါ့”

ကိုရဲလင်းအောင်က ရန်ကုန်အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ ပန်းချီပညာနဲ့ဘွဲ့ရခဲ့သူဖြစ်ပြီး ကိုယ်ပိုင်ဒီဇိုင်းနဲ့ ရွှေချည်ထိုးလုပ်ငန်း လုပ်ကိုင်နေတာ အခုဆို ၁၇ နှစ်ဝန်းကျင်ရှိပါပြီ။

“ရွှေချည်ထိုးတဲ့အခါ ကျစ်လစ်သေသပ်လှပဖို့အတွက် အပ်အသေးလေးတွေနဲ့ အသေးစိတ်ထိုးရတာကြောင့် လက်ဝင်လှပါတယ်”

ရွှေချည်ထိုးရာမှာ အဓိကလိုအပ်တဲ့ ရွှေချည်ထိုးကြိုးကိုတော့ မန္တလေးတိုင်း၊ အမရပူရက အဓိကမှာနိုင်ပေမယ့် ကျန်တဲ့ သဒ္ဒါစေ့၊ ပုလဲ၊ ဗူးနွယ်၊ ဖန်ချောင်း၊ ကျောက် စတဲ့ပစ္စည်းတွေကိုတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံက အဓိက မှာယူရတာကြောင့် ကုန်ကြမ်းဈေးကြီးတယ်လို့ ဆိုပါတယ်။

ရွှေချည်ထိုးတဲ့အခါ ကျစ်လစ်သေသပ်လှပဖို့အတွက် အပ်အသေးလေးတွေနဲ့ အသေးစိတ်ထိုးရတာကြောင့် လက်ဝင်လှပါတယ်။ အနုစိတ်ဖန်တီးရင်းကနေ လိုချင်တဲ့ပုံစံ ထွက်လာတဲ့အခါ ကျေနပ်ရတယ်လို့ ကိုရဲလင်းအောင်ရဲ့ဇနီးဖြစ်သူ အသက် ၃၈ နှစ်အရွယ် မဝင်းဝင်းဌေးက ပြောပါတယ်။

“ဒီအပ်လေးတစ်ချောင်းနဲ့ပေါ့နော်။ အပ်လေးတစ်ချောင်းနဲ့ ပန်းချီကားတစ်ခုလုံးကို ဒီပန်းချီကားလေးတစ်ချပ် ဖြစ်လာအောင် ဖန်တီးရတဲ့အခါကျတော့ အပ်ချက်ရေပေါင်း များစွာထိုးရတယ်ပေါ့နော်။ ထိုးရတဲ့အခါကျတော့ တစ်ခါတလေမှာ ဒီအပ်ကနေပြီးတော့ ဒီလက်ကို ပြန်ပြီးစိုက်တာတွေလည်းရှိတယ်ပေါ့။ သွေးထွက်တယ်၊ နာတယ်ဆိုပေမယ့်လည်း ဒီပန်းချီကားလေးတစ်ချပ် ဖြစ်လာတဲ့အချိန်ကျတော့ ဖြစ်ရတဲ့ပီတိကပေါ့နော် စိတ်ကျေနပ်ပါတယ်”

သူတို့ဇနီးမောင်နှံဟာ ပန်းချီကားတွေ၊ လက်တင်အုံးတွေအပြင် တခြားနတ်ပူဇော်ပသမှုနဲ့ ဆိုင်တဲ့အရာတွေအပါအဝင် အမျိုးအစားစုံ ဖန်တီးလုပ်ကိုင်နေတာပါ။ တန်ဖိုးအနေနဲ့ကတော့ အနည်းဆုံး ကျပ်သုံးသောင်းကနေ အမြင့်ဆုံး ဆယ်သိန်းကျော်အထိ စျေးရှိပါတယ်။

သုံးသောင်းဝန်းကျင် တန်ကြေးရှိတဲ့ လက်ရာတစ်ခုကို နှစ်ရက်ခန့် အချိန်ပေးဖန်တီးရသလို ကျပ် ဆယ်သိန်းဝန်းကျင်ဆိုရင်တော့ တစ်လကျော်ကြာတဲ့အထိ ကျွမ်းကျင်သူ သုံးယောက်လောက် ဖန်တီးလုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။

ရွှေချည်ထိုး ပန်းချီကားတစ်ချပ်ဖြစ်ဖို့ဆိုရင် ရေးပုံချ၊ ကြိုးလိုက်၊ ဘော်ကြယ်ဖြည့်၊ ပိတ်ဖြူဒီဇိုင်းချ၊ ကတ္တီပါပေါ် အနားကွပ်၊ ဂွမ်းသွပ်၊ ကော်ရိုက် စတဲ့အဆင့် ခုနစ်ဆင့်ထက်မနည်း လုပ်ကိုင်ကြရပါတယ်။

ဒီလိုပညာသားပါပြီး လက်ဝင်လှတဲ့ လက်မှုအနုပညာဖန်တီးမှုတွေဟာ ကျွမ်းကျင်လုပ်သားနဲ့ ပညာရှင်ရှားပါးမှုတွေအပြင် ကုန်ကြမ်းအခက်အခဲနဲ့ ဈေးကွက်ပျက်လာတာကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်လာတာလို့ ကိုရဲလင်းအောင်က ပြောပါတယ်။

“ဒီလုပ်ငန်းက အချိန်ကြာတယ်။ နောက်ပြီးတော့ ငွေကြေးမြတ်မှုအပိုင်းမှာ အားနည်းကြတယ်ပေါ့နော်။ အဲဒီတော့ တခြားအလုပ် ပြောင်းလုပ်ကြတာများတော့ ဒီလုပ်ငန်းက တော်တော်လေး ရှားပါးလာပြီလို့ ပြောလို့ရပါတယ်ခင်ဗျ”

ရွှေချည်ထိုးလက်ရာတွေကို ဝယ်ယူသူနည်းလာတာကလည်း စျေးကွက်ပျက်မှု အကြောင်းရင်းတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။ ရန်ကုန်မြို့မှာဆိုရင် လက်ရှိမှာ ရွှေချည်ထိုးလုပ်ငန်းနဲ့ အသက်မွေးသူအရေအတွက်ဟာ ဆယ်ဂဏန်းအောက်လောက်ပဲ ရှိတော့တယ်လို့ သူကပြောပါတယ်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရိုးရာနွယ် မြန်မာ့ရိုးရာ ရွှေချည်ထိုးလုပ်ငန်းခွင်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကိုရဲလင်းအောင်ရဲ့ လုပ်ငန်းမှာဆိုရင် ကျွမ်းကျင်လုပ်သားအနေနဲ့ လုပ်ကိုင်နေသူက ဆွေမျိုးနီးစပ်တော်တဲ့ အသက် ၁၇ နှစ်အရွယ် မငွေဇင်သွန်းတစ်ဦးသာ ရှိပါတယ်။

“အရင်တုန်းကတော့ သိုးမွှေးထိုးတာလေးကိုတော့ ထိုးဖူးတယ်ပေါ့။ ဆရာလာခေါ်တော့ အဲဒါနဲ့ ဒီဟာလေးကိုမြင်တော့ သဘောကျလို့ပေါ့နော် ထိုးတော့။ ပြီးတော့ သူက စိတ်လည်းငြိမ်တယ်လေ။ ဟို ကိုယ်ဝါသနာပါတဲ့ဟာလည်း ဖြစ်တယ်။ ပြီးတော့ အသက်မွေးဝမ်းကျောင်းအတွက်လည်း လုပ်ငန်းတစ်ခု။ ဒီအိမ်တွင်းအလုပ်ပဲဖြစ်တော့ စိတ်ဖိစီးမှုလည်း မရှိဘူးပေါ့။ မိသားစုအတွက် အထောက်အပံ့ဖြစ်တယ်ပေါ့၊ အပိုဝင်ငွေလေးလည်း ရတာပေါ့”

အနုစိတ်လုပ်ကိုင်ရတဲ့ ဒီလိုလက်မှုအနုပညာရပ်ကို လက်ခံသင်ယူချင်သူ ရှားပါးတာကလည်း ဒီလုပ်ငန်းတွေအတွက် ရေရှည်ရပ်တည်နိုင်ဖို့ အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ ကိုရဲလင်းအောင်ကတော့ ပျောက်ကွယ်လုနီးပါးဖြစ်လာတဲ့ ရွှေချည်ထိုးပညာရပ်ကို သားနှစ်ဦးဆီ လက်ဆင့်ကမ်း သင်ကြားပေးနေပြီး ခေတ်အခြေအနေပြန်ကောင်းရင်တော့ သင်ယူလိုသူ လူငယ်တွေကို ပညာအခမဲ့မျှဝေဖို့ ရည်ရွယ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org